လေယာဉ်ငယ် ပျက်ကျမှုအတွင်း ဟောလိဝုဒ် မင်းသားကြီး ဟယ်ရီဆန်ဖို့ဒ် ဒဏ်ရာရရှိ
ဟောလိဝုဒ် နာမည်ကျော် မင်းသားကြီး ဟယ်ရီဆန်ဖို့ဒ်သည် လေယာဉ်ပျက်ကျမှု တစ်ခုအတွင်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
Indiana Jones နှင့် Star Wars ရုပ်ရှင်များတွင် ပါဝင်ခဲ့သည့် အသက်(၇၂)နှစ်အရွယ် ဝါရင့် မင်းသားကြီး လိုက်ပါစီးနင်းလာသည့် ခေတ်ဟောင်း လေယာဉ်ငယ်သည် အင်ဂျင်စက် ချွတ်ယွင်းပြီး လော့စ်အန်ဂျလိစ်ရှိ ဗင်းနစ်ဂေါက်ကလပ်တွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။
ကယ်ဆယ်ရေးများ လေယာဉ်ပျက်ကျသည့် နေရာသို့ ရောက်ရှိလာချိန်တွင် ဂျုံးစ်သည် အသက်ရှူနေဆဲဖြစ်ပြီး ဆေးရုံသို့ ရောက်လာချိန်တွင် ၎င်း၏ အခြေအနေသည် အလွန်အမင်း စိုးရိမ်ရသော အနေအထား မဟုတ်ဟု မီးသတ်နှင့် ကယ်ဆယ်ရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
၎င်း၏သားဖြစ်သူ ဘန်ဖို့ဒ်က နောက်ပိုင်းတွင် Twitter မှတစ်ဆင့် “အဖေ အဆင်ပြေပါတယ်။ တော်တော်လေး ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပေမယ့် အဆင်တော့ ပြေပါတယ်”ဟု ရေးသားခဲ့သည်။ ဖို့ဒ်၏ ကိုယ်စားလှယ်ကလည်း “ဒဏ်ရာတွေ ရခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ်ရလောက်အောင်တော့ မဟုတ်ပါဘူး။ သူအပြည့်အဝ ပြန်သက်သာလာမယ်လို့ ခန့်မှန်းထားပါတယ်”ဟု ပြောကြားခဲ့သည်။
မိသားစုက ဖို့ဒ်၏ ဒဏ်ရာများနှင့် ပတ်သက်ပြီး အတိအကျ မပြောကြားသော်လည်း TMZ ဝက်ဘ်ဆိုက်က မင်းသားကြီးသည် ဦးခေါင်းတွင် အချက်အတော်များများ ကွဲသွားကြောင်း ရေးသားဖော်ပြခဲ့သည်။
၁၉၄၂ ခုနှစ်ထုတ် Ryan Aeronautical ST3KR လေယာဉ်ငယ်လေးသည် ဆန်တာမော်နီကာ လေဆိပ်မှ ပျံတက်လာပြီး မကြာမီမှာပင် စက်ပိုင်းဆိုင်ရာ မူမမှန်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဖို့ဒ်သည် လေဆိပ်သို့ ပြန်လှည့်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း လေယာဉ်ကွင်းထိ ပြန်ရောက်ရန် မဖြစ်နိုင်တော့ခြင်းကြောင့် ဗင်းနစ် ဂေါက်ကလပ်၏ ကွင်းမြက်ခင်းပြင်ပေါ် အရဲစွန့် ဆင်းသက်ရန် အားထုတ်ခဲ့သော်လည်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။
“လေယာဉ် ပျက်ကျပေမယ့် ပေါက်ကွဲတာတွေ ဘာတွေတော့ မရှိဘူး။ လေယာဉ်ပျက်ကျတဲ့ အသံက ကားတစ်စီး သစ်ပင်၊ ဒါမှမဟုတ် တစ်ခုခုကို ဝင်ဆောင့်လိုက်သလိုမျိုးပါ”ဟု ဂေါက်ကွင်းတွင် ကစားနေသည့် ဂျက်ဖ်ကူပရစ်ဇ်က ပြောကြားခဲ့သည်။ ဖို့ဒ်ကို ဂေါက်ကွင်းရှိ ဆရာဝန် နှစ်ဦးက ရှေးဦးစွာ ကုသမှု ပေးခဲ့ပြီး ထို့နောက်တွင် ကယ်ဆယ်ရေးများက ဆေးရုံသို့ အလျင်အမြန် တင်ပို့ခဲ့ခြင်းဟု သိရှိရသည်။
Credit: 7daydaily

Post a Comment