ကျွန်မသိသော ပညာရေး
အခြေခံ ပညာအဆင့်မြင့်တန်း ဖြေဆိုရန် အချိန်နီးကပ်လာပြီ ဖြစ်သည်။ G-11 တွင် ပညာသင် ယူနေကြသော ကလေးတို့အား လုံး ၂၀၁၄ ခုနှစ်မှစ၍ ယခုချိန်အထိ ကြိုးစားသင်ယူခြင်းတို့သည် အဖြေလွှာစာရွက်ပေါ်၌ မှတ်ကျောက်တင်ခံရတော့မည်ဖြစ်သည်။ ငွေကြေးတတ်နိုင်သူတို့ က ပါမောက္ခ၊ ကထိကတို့အား အိမ်သို့ခေါ်၍ တစ်ဦးချင်း သင်ယူ စေသည်သာမက စိတ်ချစေရန် ဘာသာစုံ Guide ငှား၍လည်း အ နီးကပ်ကြီးကြပ်ပြီး လိုလေသေး မရှိ ပံ့ပိုးပေးနိုင်သည့် မိဘများနှင့် သိန်းဆယ်ချီပေးရသော ဘော်ဒါ တွင်ထားကာ အဝေးမှ ပံ့ပိုးကြသူ များလည်း ရှိသည်။
ထို့အတူ ငွေကြေး မတတ်နိုင်သူတို့က ဆင် အထွာ၊ ဆိတ်အထွာဆိုသကဲ့သို့ တတ်နိုင်သည့် လခသတ်မှတ် ချက်ရှိသော ကျူရှင်တက်စေခြင်း ဖြင့် နတ်ကြီးသည်ဟု ဆိုကြသော G-11 စာမေးပွဲကို ဖြေဆိုစေကြ သည်။ G-11 စာမေးပွဲကို ကျောင်းကြီးမှ သင်သောစာတစ်ခုတည်း ဖြင့် စာမေးပွဲဖြေသူ ရှိမည်မထင်။ အနည်းဆုံး ဆရာ၊ ဆရာမတစ်ဦး ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အကြံ ဉာဏ်ကို ယူရမည်သာ။ ကျူရှင် စနစ်ကို ထောက်ခံသော နိုင်ငံ တော်အကြံပေး၏ စကားကြောင့် ကျောင်းကြီး၌ စာသင်ကြားမှု သည် ပုံမှန်အတိုင်း မပြောင်းလဲ ဘဲ ဆက်သွားမည့်ပုံဖြစ်နေသည်။ နယ်ကျောင်းများတွင် စာသင် ပေးသော ဆရာ၊ ဆရာမများ၏ စေတနာကိုဖြင့် အလွန်လေးစား မိပါသည်။ယခုအခါ ပုဂ္ဂလိက ကျောင်း များသည် စာသင်ဝိုင်း၊ နေ့တက်၊ ဘော်ဒါစသည်ဖြင့် ကြော်ငြာများ ပလူပျံအောင် တွေ့နေရပြီ ဖြစ် သည်။ ဘော်ဒါထားလိုက်ပါက စာမေးပွဲဖြေရန် စိတ်ချရပြီဟု စဉ်းစားသော မိဘများရှိသကဲ့သို့ မျက်စိရှေ့တွင်ထားလျက် စာ သင်စေသည်က စိတ်ချရသည်ဟု ယူဆသော မိဘများလည်း ရှိကြသည်။ ဘော်ဒါသို့ပို့၍ အိမ်ကိုလွမ်းသောကြောင့် စာမကျက်နိုင် ဘဲ ကျန်းမာရေး ချူချာပြီး အိမ်ပြန်ခေါ်ခဲ့ရသည့် ကလေးများရှိသည်ကိုလည်း သတိပြုသင့်သည်။မိဘတို့၏ ဆန္ဒအတိုင်း စီစဉ်သည်ထက် သားသမီးတို့၏ သဘောထားကိုပါ ထည့်တွက်သင့်သည်။
ဘော်ဒါဖြစ်စေ၊ နေ့တက် ဖြစ်စေ၊ စာသင်ဝိုင်းဖြစ်စေအပ်မည်ဆိုပါကလည်း သေချာစွာ စုံစမ်းအပ်နှံသင့်သည်။ အချို့သော ကျောင်းများမှာ ၀င်ခွင့်ဖြေဆိုရပြီး ရမှတ်အလိုက် အခန်းခွဲ၍ သတ် မှတ်ပေးလိုက်သော ကျောင်းများ ရှိသည်။ အချို့သော ကျောင်းတို့ ကမူ ၀င်ခွင့်ဖြေဆိုပြီး ရမှတ် ကောင်းသူတို့ကိုသာ ကျောင်း အပ်လက်ခံခဲ့သည်။ ထိုသို့ရမှတ် ကောင်းသူများကိုသာ ရွေး၍ လက်ခံသော ကျောင်းသည် ကလေးတို့အပေါ်၌ ဦးနှောက်ဖောက်စားခြင်း ဖြစ်သည်။
ကလေးတစ်ယောက်၏ ကြိုးစားမှုသည် ပုံသေရပ်တန့် မနေပါ။ စိတ်ခံစားမှု အခြေအနေ ပေါ် မူတည်ပြီး စာသင်ယူမှုအပေါ် စိတ်ဝင်စားမှု တိုးတက်၊ ဆုတ်ယုတ် ပြောင်းလဲနိုင်သည်။ ကျွန်မသည် လူတိုင်းအကျုံးဝင်ပညာ ရေးအတွက် တာဝန်ထမ်းဆောင် စဉ်အတွင်း ကျောင်းသားများ၏ ပညာရည်တိုးတက်မှု မှတ်တမ်းကို မပြတ်ကြည့်ရသည်။ ပုံမှန်စာလိုက်နိုင်သော ကလေးသည် မိသားစုအရေးကြောင့် ဖြစ်စေ၊ ကျန်းမာရေးကြောင့် ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာ စိတ်ခံစားမှုကြောင့်ဖြစ်စေစာတွင် စိတ်ဝင်စားမှု ပြောင်းလဲနိုင်သည်။ ထိုနည်းအတိုင်းပင် ပုံမှန်အမှတ်နည်း သော ကလေးသည်လည်း သူ၏စိတ်ခံစားမှု ပြောင်းလဲပြီး စာကြိုးစားလိုစိတ်ဝင်လာသည့်အခါ သူ၏ရမှတ်များလည်း တိုးတက်လာ တတ်သည်။ ထို့ကြောင့် တစ်ကြိမ်တစ်ခါဖြေဆိုသည့် အမှတ်ကိုကြည့်၍ ခွဲခြားခြင်းသည် ဖြူစင်နုနယ်သော ကျောင်းသားများ၏ စိတ်ကို အရောင်ဆိုးလိုက်ခြင်းပင်။
မူလတန်းနှင့် အလယ်တန်း တို့ကို သင်ကြားသည့် အပြင်ကျူ ရှင်ဆရာမတို့နှင့် ဆုံပါက အောက်ခြေမခိုင်သော ပညာရေး အကြောင်းကို ပြောမိကြသည်။ အင်္ဂလိပ်စာ ကွက်လပ်ဖြည့်ရာ၌ အဖြေရှာသည့်အကြောင်းရင်းကို မသင်ဘဲ ဒါမြင်ဒါဖြည့်ဟု ပုံသေမှတ်ခိုင်းပြီးရသော အမှတ်ပြည့် ကို ဂုဏ်ယူနေသည့် မိဘများနှင့်ဆရာမများကြောင့် အဆိပ်သင့်နေရသော ကလေးများအကြောင်း ရင်မောစွာကြားရသည်။
ဆယ်ပုဒ်ဖြေရမည့် မေးခွန်း ကို ဆယ့်ငါးပုဒ် ကျက်ခိုင်းသည့် ရေစုန်မျှောသင်သည့် ဆရာမများ ကြောင့် အထက်သို့ဆန်၍ မတက်နိုင်ကြသော ကလေးများသည် လှောင်အိမ်တွင်းမှ ယုန်သူငယ်များဘ၀သို့ သိသာစွာကျ ရောက်စေသည်။ အောက်ခြေမှ ထပ်တိုးသော အတန်းများတွင်လည်း သင်ကြားမှုစနစ် ကျွမ်းကျင်ရုံသာမကစေတနာပါသော ဆရာများသင်ပေးမှသာ တိုးတက် ပြောင်းလဲနိုင်သည်။ ထိုသို့မဟုတ်ဘဲ ထပ်တိုးသည့် အတန်းများအတွက်ပါ ကျူရှင်တက်ရမည်ဆိုပါ က ကျွန်မတို့မိဘများသည် သေဖွယ်ရာသာ ရှိပါတော့သည်။
အခြားသော နိုင်ငံများ၌ ကျောင်းတက်နေစဉ်အတွင်း လုပ် ငန်းခွင်နှင့်ဆိုင်သည့် သင်ကြားမှု တို့ကို ကျွမ်းကျင်အောင် သင် ကြားပြီးဖြစ်၍ ဘွဲ့ရသည်နှင့်သက် ဆိုင်ရာလုပ်ငန်းခွင်သို့ တန်းဝင်ရုံ သာ။ ၀င်ငွေနှင့်ထွက်ငွေ မျှတမှု မရှိသော မြန်မာနိုင်ငံ၌မှု မိဘများ သည် ပညာတတ်ဖြစ်စေရန် ငွေ ကုန်ခံ၍ ကြိုးစားသင်ပေးကြရှာ သော်လည်း ရသောဘွဲ့သည် ဘ၀အာမခံချက်မရှိ။ အလုပ်ရရန် မလွယ်။ သင်တန်းပေါင်းစုံမှ အောင်လက်မှတ်များ ကိုင်ပြီး ယောင်ချာချာဖြစ်နေသော ကလေးများကိုမြင်လျှင် စိတ်ထဲ မကောင်းပေ။ အလုပ်ရပြန်တော့ လည်း ရသည့်ဘွဲ့နှင့် လုပ်သည့် အလုပ်သည် တခြားစီပင်။
ရန်ကုန်မြို့ရှိ G-11 တက်ရ မည့် ကျောင်းသားတစ်ဦး၏ ဘော်ဒါဆောင်ကြေးသည် စား စရိတ်အပါ သိန်းသုံးဆယ်မှ သိန်းငါးဆယ်အတွင်းဖြစ်ပြီး သီးသန့် Guide ထပ်ငှားမည့် ငွေမပါသေး။ ကျောင်းသားများ၏ ပညာရေး အခြေအနေကို အမှန်အတိုင်းအ သိပေးသည့် ကျောင်းမျိုးဖြစ်ရန် လိုသေးသည်။ သို့မဟုတ်ပါက စာမေးပွဲ နီးကပ်ချိန်ရောက်မှ အောင်နိုင်ခြေမရှိသည့် ကျောင်း သားတို့ကို စည်းကမ်းဖောက် သည်ဟု အကြောင်းပြ၍ ထုတ် ပယ်သည့် နည်းကိုသုံးသော ကျောင်းမျိုးလည်း ရှိသေးသည်။ ဘော်ဒါကျောင်းထားသော မိဘ များသည် ဆရာများပြောစကား ကို ယုံနေရုံဖြင့် မရဘဲ မိမိတို့၏ သားသမီးများကို အမြဲမပြတ်လေ့ လာနေသင့်သည်။
ဒီဇင်ဘာလကုန်၌ သုံးနာရီ မေးခွန်းဖြင့် စာမေးပွဲဖြေသည့် ရမှတ်အတိုင်း အတန်းခွဲစေရာ ပုံ မှန်စာတော်သည့် ကလေးတစ် ဦးမှာ ကျန်းမာရေးမကောင်းသော ကြောင့် ရမှတ်နည်းသဖြင့် ဒုတိ ယအဆင့်သို့ ကျသွားခဲ့သည်။ စိတ်ဓာတ်ကျကာ အိမ်ပြန်ချင် သည့်ကြောင်း မိဘတို့ကို ကိုယ် တိုင်အကြောင်းကြားပြီး အိမ်ပြန် ခဲ့သော အဖြစ်မျိုးလည်း ရှိလေ သည်။ သွင်းထားသော ငွေများ လည်း ပြန်မရခဲ့။ အတန်းခွဲလိုက် သဖြင့် စာမလိုက်နိုင်သူတို့ကို စာလျှော့၍ သင်မည်လောဟု မေး စရာပင်။ ဖြစ်သင့်သည်မှာ စာ မလိုက်နိုင်ပါက မိဘများနှင့် ဆွေးနွေးပြီး အနီးကပ်ကြီးကြပ်ကာ ပို၍ဂရုစိုက်သင့်သည်။ ပညာရေး ကို ငွေကြေးနှင့် တွက်ပြီး လူပေါ် လူညွှန့်ခူးစားသူတို့ ရှိနေသမျှ မြန်မာနိုင်ငံ ပညာရေးသည် မည် သို့မျှမပြောင်းလဲနိုင်။ မူကိုပြောင်း သလို လူ၏စိတ်ကိုပြောင်းရန်လို သည်မှာ အထူးပြောရန် မလို။
ရန်ကုန်မြို့၌ ဖွင့်ထားသော သင်တန်းကျောင်းတစ်ကျောင်း သည် ပုံမှန်ခြောက်လသင်ခန်းစာ ကို တစ်နှစ်ခွဲတက်စေပြီး ကျောင်း သားများ စိတ်ကြိုက်ပျော်အောင် ထားကာ သင်တန်းကြေးညာယူ နေခြင်းကို မြန်မာနိုင်ငံတွင် အ ရေးယူခြင်းမပြုပါ။
ပုဂ္ဂလိက ကျောင်းတို့၏ ကောင်းခြင်းများ ရှိသော်လည်း ဆိုးကျိုးများ ကြိုသိခဲ့ပါက သတိ နှင့် ရွေးချယ်နိုင်မည်ဟု ထင်ပါ သည်။ ဆရာမကြီးတစ်ဦးက ပြောသည်မှာ မြန်မာနိုင်ငံရှိ ကျောင်းသားများသည် ကျက်နိုင် ဖတ်နိုင်သော စွမ်းရည်လွန်ကဲစွာ ရှိကြသောကြောင့် နိုင်ငံတကာ နှင့်ယှဉ်၍ ပထမဆုရသူများ ရှိ ကြသည်။ ထို့ကြောင့် နှမြောဖွယ် ရာ ဖြစ်သည်ဟု ဆိုသည်။ ဆရာ မကြီးပြောသည့် နှမြောဖွယ်ရာ ဆိုသည်မှာ မည်သည်ကို ရည် ညွှန်းကြောင်း စာဖတ်သူတို့ သိပါ လိမ့်မည်။
မြန်မာနိုင်ငံ၏ ပညာရေး သည် မိသားစုတိုးတက်ရေး၊ တိုင်း ပြည်တိုးတက်ရေးတို့နှင့် တိုက် ရိုက်ဆက်စပ်နေသည်။ ကျွန်မတို့ သူငယ်တန်းတက်စဉ်က ဆရာမ များသည် ကျောက်သင်ပုန်းနှင့် ကျောက်တံကိုကိုင်ကာ ၀လုံးရေး နိုင်သည်အထိ လက်ထပ်သင်ပေး ခဲ့ကြသည်။
ယခုတော့ ထိုသို့ မဟုတ်ပေ။ သူငယ်တန်းမတက်မီ မူကြိုဟူ၍ တက်ပြီးသူများသာ စာရေးနိုင်သည်ဖြစ်သဖြင့် မူကြိုမတက်သော ကလေးများ စာမလိုက်နိုင်ခြင်းကို ကျွန်မမျက်မြင်တွေ့ခဲ့ရသည်။ တက္ကသိုလ်ရောက်ပါကလည်း မယူမဖြစ်ယူရသော ကျူရှင်ကြောင့် ဘ၀အာ မခံချက် မပေးနိုင်သည့် ပညာကို ကြိုးစားသင်ပေးရသော မိဘများ၏ဘ၀သည် ပြေလည်နိုင်ပါမည်လော။ သူငယ်တန်းမှစ၍ တက္ကသိုလ်မှ ဘွဲ့ရပြီးသည်အထိ ကျူရှင်နှင့် မကင်းသော မြန်မာနိုင်ငံ၏ ပညာရေးမှာဆယ်စုနှစ်အနည်းငယ်အတွင်း လုံးဝပျက်စီးသွားလေပြီ။
အနှစ်ချုပ်ဆိုရသော် မြန်မာ နိုင်ငံပညာရေးကိုဘာလဲ၊ ဘယ် လဲဟု မမေးပါနှင့်။ အောက်ခြေ မှစ၍ အထက်အထိ ပညာရေးဝန် ထမ်းအားလုံး၏ အပြင်ပန်းမြင်ရ သော သင်ကြားနည်းစနစ်ကို မြှင့် တင်ရုံသာမက အပြင်ပန်းမမြင်ရ သော ဖြူစင်သည့် စိတ်ထားဖြင့် သင်ကြားပေးမှသာ ပြုပြင်ပြောင်း လဲသည်ဟု ယူဆရမည်ပင်။ ထို သို့ မဟုတ်ပါက ကျူရှင်သံသရာ ၀ယ် တ၀ဲလည်လည်မျောရင်း ကျွန်မတို့မိဘများ၏ ဘ၀သည် အိတ်ပေါက်နှင့် ဖားကောက်သကဲ့ သို့ ဖြစ်ကာ ပရုတ်လုံးနှင့် ဆပ်ပြာ တုံးဘ၀များမှ လွတ်မြောက်မည် မဟုတ်ကြောင်း တင်ပြလိုက်ရပါ သည်။ ။
Credit: 7daydaily

Post a Comment