Header Ads

နေစွမ်းအင်သုံးလေယာဉ်ဖြင့် ပထမဆုံးအကြိမ် ကမ္ဘာပတ်ခရီးစဉ် မတ်လတွင် စတင်ပျံသန်းမည်ဖြစ်ပြီး မန္တလေးသို့ မတ်လ ဒုတိယပတ် ရောက်ရှိမည်

နေစွမ်းအင်သုံးလေယာဉ်ဖြင့် ပထမဆုံးအကြိမ် ကမ္ဘာပတ်ခရီးစဉ်ကို မတ်လတွင် စတင်ပျံသန်းမည်ဖြစ်ပြီး မန္တလေးသို့ မတ်လ ဒုတိယပတ်အတွင်း စတင်ရောက်ရှိမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။


“နေစွမ်းအင်သုံးလေယာဉ်က မတ်လ အစောပိုင်းမှာ စတင်ထွက်ခွာမှာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံကို မတ်၁ဝ ရက်လောက် ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ရာသီဥတုအခြေအနေပေါ်ကို မူတည်ပြီးတော့ လေယာဉ်ခရီးစဉ်က ပြောင်းလဲသွားနိုင်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး Mr.Christoph Burgener က ပြောကြားသည်။

အဆိုပါ နေစွမ်းအင်သုံးလေယာဉ်ဖြင့် ကီလိုမီတာ ၃၅ဝဝဝ (မိုင်ပေါင်း ၂၂ဝဝ) ကို ငါးလတာ ပျံသန်းသွားမည်ဖြစ်ပြီး အဆိုပါခရီးစဉ်ကို မတ်လအစောပိုင်းတွင် အဘူဒါဘီမြို့မှ စတင်ထွက်ခွာမည်ဖြစ်သည်။ ထိုခရီးစဉ်အတွင်း လေးခုမြောက် ရပ်နားရာအဖြစ် မြန်မာနိုင်ငံ မန္တလေးမြို့တွင် သုံးရက်တာ ဆိုက်ရောက် ရပ်နားသွားမည် ဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနိုင်ငံတွင်သာ ဆိုက်ရောက်ရပ်နားမည် ဖြစ်သည်။

မန္တလေးမြို့တွင် ရပ်နားထားစဉ်အတွင်း မြန်မာနိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူပေါင်း တစ်ထောင်ခန့်နှင့် လေယာဉ်မှူးများတွေ့ဆုံကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ပတ်သက်ပြီး ဗဟုသုတရရှိနိုင်စေရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ အများပြည်သူများ အဆိုပါ ဆိုလာလေယာဉ်ကို လေ့လာကြည့်ရှုနိုင်မည့်ရက်များနှင့် အချိန်များကို လေယာဉ်ဆိုက်ရောက်ရန် နီးကပ်လာချိန်တွင် ထပ်မံကြေညာပေးသွားမည် ဖြစ်သည်။

အဆိုပါ လေယာဉ်ကို ၁၂ နှစ်ကြာစီစဉ် ဖန်တီးတည်ဆောက်ခဲ့ခြင်းဖြစ်ကာ လေယာဉ် စတင်ထွက်ခွာရာဖြစ်သည့် အဘူဒါဘီမြို့သို့ နောက်ဆုံး ပြန်လည်မရောက်ရှိခင် အာရေဗီယံပင်လယ်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ်၊ ပစိဖိတ်သမုဒ္ဒရာ၊ အမေရိကန်ပြည်ထောင်စု၊ အတ္တလန္တိတ်သမုဒ္ဒရာနှင့် ဥရောပတောင်ပိုင်း (သို့မဟုတ်) အာဖရိကမြောက်ပိုင်းတို့ကို ဖြတ်သန်းသွားမည် ဖြစ်သည်။ 

Original Appeared on News Eleven

No comments

Powered by Blogger.