ညဘက် အဝေးထိန်း လေယာဉ်ငယ် လွှတ်တင်မှုဖြင့် အယ်လ်ဂျာဇီးယား သတင်းထောက်သုံးဦးကို ပါရီရဲတပ်ဖွဲ့ ဖမ်းဆီး
ပါရီမြို့တော် ကောင်းကင်ယံတွင် အဝေးထိန်း လေယာဉ်ငယ် လွှတ်တင်မှုဖြင့် အယ်လ်ဂျာဇီးယား သတင်းဌာနမှ သတင်းထောက် သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ ၂၃ နှင့် ၂၄ ရက် ညအချိန်များတွင် ပါရီမြို့တော်၏ အထင်ကရ နေရာအချို့၌ မောင်းသူမဲ့ လေယာဉ်ငယ်အချို့ ပျံသန်းခဲ့သည်ကို တွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့က ယင်းဖြစ်စဉ်ကို စုံစမ်းခဲ့သည်။ ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင်မူ ဘွိုင်စ်ဒီဘူလော့ဂ်နီ ဧရိယာ အနီးတွင် လူသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲများက ဆိုသည်။
အစောပိုင်းက အမျိုးအမည်မသိ လေယာဉ်ငယ်များ ပျံသန်းနေမှုသည် အကြမ်းဖက် တိုက်ခိုက်မှုများနောက်ပိုင်း လုံခြုံရေး တင်းကျပ်စွာ တိုးမြှင့်ထားသည့် ပါရီလူထုအတွက် ပဟေဠိဆန်ဆန် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ အယ်လ်ဂျာဇီးယား သတင်းဌာနကမူ မိမိတို့၏ သတင်းထောက်များသည် ပါရီကောင်းကင်ယံတွင် ညဘက်ပျံသန်းနေသည့် အမျိုးအမည်မသိ မောင်းသူမဲ့ လေယာဉ်ငယ်များအကြောင်း သတင်းမှတ်တမ်းယူ ရိုက်ကူးရန် စီစဉ်နေခြင်းဟု ရှင်းလင်းခဲ့သည်။
ပါရီတွင် အဝေးထိန်း မောင်းသူမဲ့ လေယာဉ်များ လွှတ်တင်ခြင်းကို ဥပဒေဖြင့် တားမြစ်ထားပြီး အမြင့်ဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ်တစ်နှစ်ထိဖြစ်စေ၊ ယူရို ခုနစ်သောင်းခွဲထိ ဒဏ်ကြေးဖြစ်စေ ချမှတ်နိုင်သည်။ ပါရီရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အယ်လ်ဂျာဇီးယား သတင်းထောက်တစ်ဦးက လေယာဉ်ကို ထိန်းချုပ် မောင်းနှင်နေပြီး တစ်ဦးက မှတ်တမ်းဗီဒီယို ရိုက်နေကြောင်း၊ ကျန်တစ်ဦးက စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။
ပါရီရဲတပ်ဖွဲ့သည် ၎င်းတို့ ထိန်းသိမ်းလိုက်သည့် သတင်းထောက်များ၏ အမည်နှင့် မည်သည့်နိုင်ငံသား ဖြစ်သည်ဆိုခြင်းကို ထုတ်ပြန်ကြေညာမှု မရှိခဲ့ချေ။ အယ်လ်ဂျာဇီးယားသည် ကာတာနိုင်ငံတွင် အခြေစိုက်သည့် သတင်းဌာနတစ်ခု ဖြစ်သည်။
ပါရီတွင် ပြဋ္ဌာန်းထားသည့် ဥပဒေအရ မီတာ(၆၀၀၀)အောက် အမြင့်တွင် မည်သည့် လေယာဉ် အမျိုးအစားကိုမျှ ပျံသန်းခွင့် မပြုချေ။ မောင်းသူမဲ့ လေယာဉ်ငယ်များ၊ ရဲရဟတ်ယာဉ်များနှင့် လူနာတင် ရဟတ်ယာဉ်များ ပျံသန်းရာတွင်ပင် မြို့တော် အာဏာပိုင် အဖွဲ့အစည်းများ၏ အထူးခွင့်ပြုချက်ကို တောင်းခံရသည်။
အဝေးထိန်း မောင်းသူမဲ့ လေယာဉ်ငယ်များကို ညဘက်ပျံသန်းစေခြင်းမှာမူ ပါရီတွင် ဥပဒေဖြင့် အတိအလင်း တင်းကျပ်စွာ တားမြစ်ထားကြောင်း သိရှိရသည်။
Credit: 7daydaily

Post a Comment