Header Ads

တောင်ကိုရီးယားတွင် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားပြီး လူ(၃)ဦး သေဆုံး

တောင်ကိုရီးယားနိုင်ငံရှိ ကုန်စုံဆိုင် တစ်ဆိုင်တွင် သေနတ်သမား တစ်ဦးက ပစ်ခတ်ခဲ့ရာ လူ(၃)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဆိုးလ်မြို့တော်မှ (၇၅)မိုင်ခန့်အကွာရှိ ဆီဂျောင်မြို့တွင် ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းက အဆိုပါ ပစ်ခတ်မှု ပေါ်ပေါက်ခဲ့ခြင်းဟု သိရသည်။ သေနတ်သမား အမျိုးသားကို အခင်းဖြစ်သည့် နေရာအနီး မြို့ထဲတစ်နေရာတွင် သေဆုံးလျက်သား ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲများက ဆိုသည်။ သေနတ်သမားသည် အပစ်ခံရပြီး သေဆုံးသူ တစ်ဦး၏ ညီမဖြစ်သူ၏ ချစ်သူဟောင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားတွင် ယင်းကဲ့သို့ လက်နက်ကိုင်ဆောင်ပြီး ရမ်းကားပစ်ခတ်မှုမျိုးသည် ရှားပါးသည့် ဖြစ်ရပ်မျိုးဟု ဆိုနိုင်သည်။ စစ်မှုမထမ်း မနေရ ဥပဒေကြောင့် တောင်ကိုရီးယား အမျိုးသား အများစုသည် သေနတ်ကို ကျွမ်းကျင်စွာ ကိုင်တွယ်တတ်ကြသော်လည်း နိုင်ငံအတွင်းတွင် သေနတ်ဝယ်ယူ ကိုင်ဆောင်ခွင့်ကိုမူ တားမြစ် ပိတ်ပင်ထားသည်။
တောင်ကိုရီးယား ဥပဒေအရ လုံခြုံရေး အရာရှိများသာ သေနတ်ကိုင်ဆောင်ခွင့် ရှိနိုင်ပြီး အမဲလိုက် မုဆိုးများသည် ၎င်းတို့၏ သေနတ်များကို နေအိမ်တွင် မထားရဘဲ ရဲစခန်းတွင် အပ်နှံထားရလေ့ ရှိသည်။ ရဲတပ်ဖွဲ့က ယခုသေနတ်သမားသည် ပစ်ခတ်မှု မတိုင်မီ (၂)နာရီခန့်က အနီးရှိ ရဲစခန်း တစ်ခုမှ သေနတ်များကို ပြန်လည် ထုတ်ယူသွားခြင်းဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်၊ ဇွန်လအတွင်းက စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်တပ်ထဲ ရောက်နေသည့် အမှုထမ်း လူငယ်တစ်ဦးက မြောက်ကိုရီးယားနှင့် နယ်စပ်အနီးတွင် ၎င်း၏ လုပ်ဖော်ကိုင်ဖက် (၅)ဦးကို ပစ်သတ်ခဲ့ဖူးသည်။ အဆိုပါ လူငယ်သည် စစ်စည်းကမ်းဖြင့် နေထိုင်ရသည့် အခြေအနေတွင် ရုန်းကန်ခဲ့ရပြီး ယခုကဲ့သို့ ထွက်ပေါက်ရှာခဲ့ခြင်းဟု စစ်ဘက်က ကြေညာခဲ့သည်။ ယင်းဖြစ်ရပ်တွင် အဆိုပါ လူငယ်အား သေဒဏ် စီရင်ချက် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

No comments

Powered by Blogger.