ထိခြင်းကြီးငါးပါး(ဝါ) တည်ခြင်းကြီးငါးပါးနဲ့ ဘာ့ကြောင့်ရှိခိုးရသလဲ
အနန္တငါးပါးကို ကျွန်တော်တို့ ကန်တော့တဲ့အခါ ထိခြင်းကြီးငါးပါး (ဝါ) တည်ခြင်းကြီး ငါးပါးနဲ့ ကန်တော့ကြပါတယ်။ အဲဒါဘာကြောင့်ပါလဲ။
ရဟန်းသံဃာနဲ့ မိဘ ဆရာများရဲ့ နည်းပေးသင်ကြားချက်အရ ဦးထိပ်မှာ လက်အုပ်ကလေး တင်ပြီး ဒူးနှစ်ဖက်၊ လက်ရဲ့ တံတောင်ဆစ်နှစ်ခု၊ နဖူးနဲ့လက် ဒီငါးချက် ထိထားစေရတဲ့ တည်ခြင်းကြီး ငါးပါးနဲ့ ဂါရဝပြုကြလေ့ရှိပါတယ်။
“လက်အုပ်ကလေး ဦးထိပ်ပေါ် တင်ထားရတာကတော့… စေတနာလေးက မိမိ အမြတ်နိုးဆုံးထားတဲ့ ထိပ်တက်နေရာယူပြီး အမြတ်ဆုံး ပုဂ္ဂိုလ်အား မိမိ အမြတ်ဆုံး နေရာသို့ နေရာပေးသောအားဖြင့် ရှိနေလို့ လက်အုပ်ကလေးကလည်း ထိုစေတနာနဲ့ စုံတွဲဖြစ်အောင် ထိပ်တင်ထားရတာပဲ . . .”
“တည်ခြင်းကြီး ငါးပါးကတော့ အရုပ်ကြိုးပြတ်ကဲ့သို့ မာန်ကိုချပြီး ရှိသမျှအပြစ် မာန်ခံနေသဖြင့် အာခံခဲ့တဲ့ အပြစ်များကို ဝန်ချတောင်းပန်နည်းပဲ သားတို့ သမီးတို့…”
အသက်နဲ့ ဂုဏ် ကိုယ့်ထက် အပုံကြီးကြီးသူတို့ကို ရိုသေခြင်းဟာ မင်္ဂလာတစ်ပါးလို့ ဆိုခဲ့ပြီးပြီ၊ သို့တစေလည်း အရိုအသေအောက်မှာ မာန်ဝင်ထောက်နေလျှင် ဘောက်ဆတ်ဆတ် ရိုသေမှုမျိုး ဖြစ်နေတတ်တယ်။ ကိုယ်ဖြင့် အရိုအသေပေးတုန်း စိတ်ကလည်း မာန်ကျနေမှကိုး။ ခြေသုတ်ပုဆိုး မြွေအစွယ်ကျိုးမျိုးတို့လို နူးညံ့ ပျော့ပျောင်းပြီးဆွဲသလိုပါ ခါသလိုငြိမ်နေတတ်မှ ဆီသည်မ လက်သုတ်ဖတ်
မျိုးလို နွမ်းကြေနေစေပြီး သုတ်သမျှဆီ အရည်လည်နေတတ်မှ အမြတ်ဂုဏ်ကိုယ့်မှာ ပုံလာတတ်တယ်။
မျိုးလို နွမ်းကြေနေစေပြီး သုတ်သမျှဆီ အရည်လည်နေတတ်မှ အမြတ်ဂုဏ်ကိုယ့်မှာ ပုံလာတတ်တယ်။
◊ မာန်ဝင်နေလျှင် အမှန်မမြင်၊ မာန်စင်မှ အမှန်ရတတ်သည်။
◊ မာန်ခဲနေလျှင် အမှန်မရ၊ မာန်လန်မှ အမှန်ရတတ်သည်။
မာနဆိုတာ သင်္ဘောကြီးက ကျောက်ဆူးလိုပဲ၊ ခရီးလမ်းကို ဆွဲငင်ထားတတ်တယ်။
လယ်ကထွက်ပေါက်က ခဲလိုလည်း ဝင်မယ့်ရေကို တားဆီးစေတတ်တယ်။ ပုလင်းဇက်သိမ်းလေးလိုလည်း လေခံနေခြင်းဖြင့် ဝင်လာတဲ့ရေကို တင်းခံနေစေတတ်သည်။
မာန် (ကိုယ့်ကိုယ်ကိုယ် ခင်မင်ရာမှ အထင်ကြီးစိတ် ဝင်နေသော သဘော) သည်ကိုယ့်ထံ ရောက်လာမယ့် လာဘ်ကို ဆီးပိတ်ထားတာချည်းပဲ သားတို့။
♦ ပညာနှင့် ပတ်သက်လာလျှင် သူတတ်သလောက်တော့ ငါလည်း တတ်ပါတယ်။
♦ စီးပွားနှင့် ပတ်သက်လာလျှင် သူလုပ်သလောက်တော့ ငါလည်းပဲ လုပ်တတ်ပါ
တယ်။
တယ်။
သည်လို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ် (ဘဝင်မြင့်စိတ်) ဝင်နေသူမှာ ရိုသေထိုက်တဲ့ ကိုယ့်ထက်သာတာကို မရိုသေမိလို့ ရမယ့်ပစ္စည်း လွဲချော်တတ်တယ်။ရမယ့်ပညာ လက်လွတ်တတ်တယ်။ တတ်မယ့်အညွန့်ကလေး ဆွဲလှန်ချိုးဖဲ့ပစ်သလို ဖြစ်တတ်တယ်။
ထိခြင်းကြီး ငါးပါး (ဝါ) တည်ခြင်းကြီး ငါးပါးဆိုတာ ဒူးနှစ်ဖက်၊ လက်နှစ်ဖက်နဲ့ ဦးထိပ်တို့ ထိစပ်နေအောင် ကြမ်းခင်းပေါ် တည်ထားတာပါ။ ဖူးမြော် မာန်လျော့ဆိုတဲ့အတိုင်း“မာန်ကျ”စေလိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါကြောင်း သဘောပေါက်ခဲ့ပါပြီ။
မဟာဗောဓိမြိုင်ဆရာတော် (ဘာကြောင့်)
မောင်သွေးချွန်
မောင်သွေးချွန်

Post a Comment