Freelance လုပ်ကြမလား ?
အမေရိကန် နိုင်ငံသား အလုပ်သမား သုံးယောက်မှာ တစ်ယောက်နှုန်းဟာ Freelance အလုပ်ကို လုပ်ကိုင်ကြတယ်တဲ့။ ၀ီကီဆိုက်မှာ ဖော်ပြထားချက်အရ အများစုကတော့ အမျိုးသမီးတွေ လို့ သိရတယ်။
Freelance ဆိုတာ ဘာတဲ့လဲ ?
Freelance ဆိုတာ နားလည်အောင် ပြောရရင်တော့ ကိုယ်တိုင် Project ရှာပြီး အချိန်ပိုင်း ဒါမှမဟုတ် ကိုယ်လုပ်လိုတဲ့ အချိန်မှာ သူတို့  ပေးတဲ့ အချိန်အတောအတွင်း ဒါမှမဟုတ် သတ်မှတ်ထားတဲ့ ထုတ်ကုန် တစ်ခုကို ထုတ်လုပ်ဖို့ မိမိ အဆင်ပြေတဲ့ နေရာမှာ လုပ်လို့ ရတဲ့ အလုပ်လို့ လည်း ပြောလို့ ရတယ်။ အဲ့ဒီအတွက် မိမိဘက်က အရင်းအနှီးမများတဲ့ အပြင် မိမိ အဆင်ပြေတဲ့ အချိန်မှာ လုပ်နိုင်တာပါပဲ။ ရုံးတက် ရုံးဆင်း၊ ရုံးချိန်အတိအကျ လုပ်စရာမလိုတဲ့ အလုပ်မျိုးကို ဆိုလိုတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် မိမိ အဆင်ပြေရင် ပြေသလို၊ အချိန်ပေးနိုင်ရင် ပေးနိုင်သလို လုပ်နိုင်တဲ့ အလုပ်မျိုး ဖြစ်ပါတယ်။
တစ်ချို့ ကတော့ ကုမ္မဏီလို နေရာကနေ အလုပ်လုပ်မဲ့ သူတွေကို လိုအပ်တဲ့ အချိန်မှာ လိုအပ်တဲ့ ဖောက်သည်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်နိုင်တဲ့ အလုပ်တစ်ခု အနေနဲ့ လုပ်ကိုင်ကြတာ ရှိပါတယ်။ ဒီလို အလုပ်မှာတော့ လုပ်မဲ့သူ နဲ့ သူ ရဲ့ ကျွမ်းကျင်မှုသာ လိုပြီး ဖောက်သည်လို့ ခေါ်နိုင်တဲ့ အလုပ်ရှင်တွေ အပ်တဲ့ အလုပ်ကို သတ်မှတ်ချိန် အတွင်းပုပ်ပြတ် လုပ်ပေးကြရတာမျိုး ပါ။ ဒီအတွက် ကိုယ့်ရဲ့  အလုပ်အပေါ်စီမံခန့် ခွဲတဲ့ HR တို့  Project Manager တို့ ရှိမှာမဟုတ်ပါဘူး ။ သတ်မှတ်ချိန်မှာ အရည်အသွေး ကောင်းတဲ့ Outcome တစ်ခု ထွက်ပေါ်လာဖို့  ကိုယ်တိုင် ကြိုးစားပြီး ဖန်တီးနိုင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ထိုက်သင့်တဲ့ လုပ်အားခ ကို ကိုယ်တိုင်ညှိပြီး ကြိုက်မှ လုပ်နိုင်ပါတယ်။
Freelance အလုပ်အများစုဟာ ကိုယ်တိုင်Creation ပိုင်း လုပ်ရတဲ့ အလုပ်တွေ မှာ ပိုတွေ့ ရတက်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ တော့ အများစုအနေနဲ့  Website လုပ်ငန်းများ ၊ ဓာတ်ပုံ နဲ့ ဂရပ်ဖစ် ဒီဇိုင်း ၊ Review & Copy Writer ၊ Translator စတဲ့ နေရာတွေမှာ အများဆုံး တွေ့ ရတက်ပါတယ်။ တစ်ချို့ ကတော့ မိမိ ပုံမှန် လုပ်တဲ့ အလုပ်အပြင် အားလပ်ချိန် နဲ့ အလုပ်အားနေတဲ့ အချိန်တွေမှာ တစ်နိုင်တစ်ပိုင် အနေနဲ့  Freelance လုပ်ကြတာတွေလည်း ရှိပါတယ်။ ဒီထဲမှာ အလုပ်ရှိတဲ့ သူကလည်း မိမိပုံမှန် အလုပ်ကရတဲ့ ၀င်ငွေ အပြင် နည်းနည်းပို အဆင်ပြေနိုင်တဲ့ တစ်ဖက်တစ်လမ်းက ၀င်ငွေ တစ်ခု အနေနဲ့ လုပ်ကိုင်ကြတာလည်း ရှိပါတယ်။
Freelance သမား နဲ့  အလုပ်အပ်သူတွေ ကြား ဘယ်လို ဆက်ဆံကြသလဲ ?
Freelance အလုပ်အများစုဟာ အလုပ်ရှင်နဲ့ အလုပ်သမား ထိတွေ့ မှု နည်းပါတယ် ။ အလုပ်အပ်တဲ့ သူက မိမိလိုချင်တဲ့ Product တစ်ခုအတွက် Freelance သမားကို အလုပ်အပ်ပြီး အလုပ်ပြီးတဲ့အခါဖြစ်ဖြစ် အလုပ်အပ်တဲ့ အခါဖြစ်ဖြစ် ပိုက်ဆံကိုတော့ Bank ကနေ Transfer လုပ်လို့ ရတဲ့ Western Union လို နေရာကနေဖြစ်စေ Visa ၊ Master Card လို Ebanking လုပ်လို့ ရတဲ့ နေရာ ကနေ ဖြစ်စေ လွဲပေးလေ့ ရှိပါတယ်။ အလုပ်စတဲ့ အခါ တစ်ဝက်ကြိုပေးတာမျိုးနဲ့ အလုပ်ပြီးရင် အကြေပေးတာမျိုး လုပ်ကြပါတယ်။
Freelance အလုပ်ဟာ ကုမ္မဏီကြီးတွေမှာ လုပ်တဲ့ အလုပ်ထက် ရရှိမှုလည်း နည်းတယ်လို့ ဆို နိုင်ပါတယ်။ ဘာလို့ လဲ ဆိုတော့ ကုမ္မဏီကြီးမှာက မိမိလုပ်ရင် လုပ်သလို Bonus နဲ့  ရာထူးတိုးတာတွေ ၊ လစာတိုးတာတွေ ရှိပြီး Freelance သမားကတော့ မိမိ Project ပြီးရင် တခြား Project တစ်ခု ပြန်ရှာရပါတယ်။ သူ့ အတွက် ရရှိတုန်းကသာ တစ်လုံးတခဲ မြင်ရတဲ့ အတွက် များတယ်လို့ 
ထင်ရပြီး တကယ်တော့ ကုမ္မဏီမှာ လုပ်ရတာထက် စာရင် အခွင့်အရေးတော့ နည်းပါတယ်။ ဒါပေမဲ့ ကုမ္မဏီလို စိတ်ဖီစီးမှု ၊ Client တွေနဲ့ ဆက်ဆံရေး တင်းမာမှု ၊ အထက်လူကြီး နဲ့ ပြေလည် အောင် နေရတာတွေ တော့ မရှိပါဘူး။
လုပ်အားခကို ဘယ်လို သတ်မှတ်သလဲ?
Freelance သမားတစ်ယောက်ရဲ့  လုပ်အားခ အတွက် ၀န်ဆောင်မှု နှုန်းဟာ သူရဲ့  အရည်အချင်း၊အတွေ့ အကြုံ ၊ ထုတ်ကုန် စတာ တွေ အပေါ် မူတည်ပြီး ရရှိပါတယ်။ ပြီးတော့ လုပ်ကိုင်ရတဲ့ အချိန် ၊ နာရီ ၊ အပိုင်းလိုက် အပေါ်မူတည်ပြီးလည်း ကုန်ကျတာတွေကို ယူတာမျိုးလည်း ရှိပါတယ်။ ဥပမာ Review Writer ဆိုရင် သူရေးတဲ့ Review တစ်ပုဒ်ကို ဘယ်လောက် သတ်မှတ်ပြီး တစ်ရက်မှာ ဘယ်နှစ်ပုဒ် အပ်နိုင်ရမယ် ဆိုတာ ရှိပါတယ်။ အချိန်ကတော့ ကန့် သတ်ချက် မရှိဘဲ တစ်နေ့ အတွင်း စောပြီးရင် စောသလို အလုပ်ကလည်း မြန်မြန်ပြီးမှာ ဖြစ်ပါတယ်။
တစ်နေ့ မှာ နှစ်ပုဒ် ရေးပေးရမယ် ဆိုရင် မိမိကျွမ်းကျင်သလို တစ်နာရီအတွင်းလည်း ပြီးသွားနိုင်ပြီး ပိုတဲ့ အချိန်တွေမှာ မိမိ လုပ်လိုတဲ့ တခြား အလုပ်တွေ လုပ်နိုင်တာမျိုး ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ Review တစ်ပုဒ်ကို ၅ဒေါ်လာကနေ ဒေါ်လာ ၂၀၀ အထိ ရရှိကြပါတယ်။ ဒါကလည်း သူ့ အရေးအသားနဲ့  လက်ရာ အပေါ်မူတည်ပြီး ရရှိတာ ဖြစ်ပါတယ်။ မိမိအရေးအသားကို အားပေးတဲ့ သူများလေလေ ရရှိငွေကလည်း များနိုင်ပါတယ်။
အခေါ်အဝေါ်တစ်ခု အရ Freelance သမားတွေဟာ အလုပ်တစ်ခု Project တစ်ခု ကို ရေရှည်မလုပ်ကိုင်တက်ကြပါဘူး ။ အကယ်လို့  Project တစ်ခုကို အချိန်တော်တော်ကြာ နဲ့ ရေရှည်နီးပါး လုပ်ကိုင်နေရ တယ် ဆိုရင် Freelancerလို့  ခေါ်လို့ မရတော့ပါဘူး ။ သူ့ ကို permalancer လို့  ခေါ်ရမှာ ဖြစ်ပါတယ်။
နိုင်ငံတကာက သတ်မှတ်ထားတဲ့ Freelance လုပ်လို့ ရပြီး ယေဘုယျ အားဖြင့် ပါဝင်တဲ့ အလုပ်များကတော့ သီချင်း ,သတင်းထောက် , ထုတ်ဝေသူ , ဇာတ်ညွန်းရေးဆရာ ,ဇာတ်လမ်းဖန်တီးခြင်း , သရုပ်ဆောင်, ဓာတ်ပုံသတင်းသမား, အလှကုန် ဖန်တီးသူ , ရေမွေးဖန်တီးသူ၊ တည်းဖြတ်, ဓာတ်ပုံ ရိုက်ခြင်း , အစီအစဉ် ရေးဆွဲသူ , အစီအစဉ် စီမံသူ , ကြေငြာစာ ရေးသားသူ , စာပြင်အလုပ် , စာစီစာရိုက်, copywriting, ကွန်ပျူတာ ပရိုဂရမ်မင်း , web design, graphic design, website development, အကြံပေး အလုပ်, တိုးရစ် ဂိုက်, ဗီဒီယို တည်းဖြတ်, ဗီဒီယို ထုတ်လုပ်ရေး , ဘာသာပြန်, ရုပ်ပြဆွဲသူ နဲ့  အသေးစား လုပ်ငန်း စတာတွေကို Freelance အနေနဲ့ လုပ်ကိုင်တက်ကြပါတယ်။
Freelance ဘာကြောင့် လုပ်ကြသလဲ ?
နိုင်ငံတကာမှာ Freelance လုပ်ကိုင်ခြင်းဟာ Professional အနေနဲ့ လုပ်ကိုင်တာမျိုး ရှိပါတယ်။ Freelance လုပ်တဲ့ အမျိုးသမီးများ နဲ့  အမျိုးသားများ ယှဉ်ကြည့်ရလျှင် အမျိုးသမီးများကတော့ လွတ်လပ်တဲ့ အချိန်ဇယားအတိုင်း မိမိတို့  စိတ်ကြိုက်အလုပ်လုပ်နိုင်ဖို့  လုပ်ကိုင်ကြတာ ဖြစ်ပြီး အမျိုးသားများကတော့ မိမိတို့  သက်မွေးမှု အလုပ်အကိုင်တစ်ခုခုကို အထောက်အပံ့ အနေနဲ့  Freelance လုပ်တာ ဖြစ်ပါတယ်။ Professional Freelancer များကတော့ အချိန်ပြည့် အလုပ်လုပ်ရတာကို မကြိုက်ကြတဲ့ အတွက် မိမိတို့  အဆင်ပြေ တဲ့အချိန် လုပ်ကိုင်နိုင်တဲ့ အလုပ်ဖြစ်လို့  ရွေးချယ်ကြတယ်လို့  ဆိုပါတယ်။ တစ်ချို့ ကတော့ အချိန် နဲ့  နေရာ ၊ သက်သောင့် သက်သာရှိမှု စတာတွေကို ဦးစားပေးတဲ့ အတွက် လုပ်ကြတာ ဖြစ်ပါတယ်။
`
အလုပ်အပ်တဲ့ အလုပ်ရှင်များ ဘက်ကနေ ကြည့်မယ် ဆိုရင်လည်း ၀န်ထမ်း ခန့် အပ်မှု ၊ နေရာ ပေးရမှု ၊ စီမံခန့် ခွဲ ရမှု စတဲ့ အစိတ်အပိုင်းများက ကုန်ကျမှုမှာ လိုအပ်ချက်တွေရှိတာကြောင့် Freelance သမားများကို ရွေးချယ်ကြတယ်လို့ ဆိုပါတယ်။ ဒီတော့ မိမိတို့ လိုချင်တဲ့ အချိန်မှာ မိမိတို့  လိုချင်တဲ့ဟာကိုလည်း စိတ်ပူစရာမလို ၊ စီမံခန့် ခွဲနေစရာမလိုဘဲ ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုနေရာမှာ ကုမ္မဏီ အသေးစားလေးတွေက Freelance သမားများကို ပိုသဘောကျတက်ကြပါတယ်။ ၀န်ထမ်းများအနေနဲ့ လည်း အချိန်ပြည့် လုပ်နေစရာမလိုတဲ့ အတွက် Working Time Waste ဖြစ်တာတွေ ၊ HR ဆုံးရှုံးတာတွေ နည်းပါးနိုင်မှာ ဖြစ်ပါတယ်။
ဒီနေရာမှာ အကျိုးအပြစ် အနေနဲ့ ရှင်းရလျှင် … Freelance လုပ်တဲ့ သူ အများစုဟာ လွတ်လပ်တဲ့ အလုပ်ချိန်ကို သဘောကျတဲ့ အတွက် လုပ်ကြတယ် ။ မိမိ အဆင်ပြေတဲ့ အချိန်မှာ နောက်ကနေ တတွတ်တွတ်လိုက် ပြောနေမဲ့ သူ မရှိ ၊ နားပူတိုက် မဲ့ သူ မရှိ လုပ်နိုင်တယ်။ အချိန်တန်ရင် မိမိလုပ်တဲ့ လုပ်အားခကို ရရှိမှာ ဖြစ်ပြီး မိမိကိုယ်တိုင် အလုပ်ကို ရွေးချယ်နိုင်တယ် ဆိုတာပါပဲ။
Freelance သမားတွေ အတွက် ဆုံးရှုံးမှု လို့ ခေါ်နိုင်တဲ့ အရာတွေကလည်း ရှိပါတယ်။ On Job Training ဆိုတဲ့ အလုပ်က သင်ပေးမဲ့ စီမံခန့် ခွဲမှု အရည်အချင်းတွေ လျော့ကျလာနိုင်တယ်။ Team Work လုပ်ကိုင်ခြင်း အားနည်းလာနိုင်ပါတယ်။ နှီးနှော တိုင်ပင် ရမဲ့ သူ မိမိ Product ကို ဒီထက်ကောင်းအောင် ဝေဖန် အကြံပြုပေးမဲ့ သူ စတာတွေ မရှိလာနိုင်ပါဘူး။ နောက် မိမိ အနေနဲ့ ရေရှည် ကုမ္မဏီ တစ်ခု တည်ထောင်သွားဖို့  ရည်ရွယ်ချက် ရှိတယ် ဆိုရင် Management အတွက် သီးသန့်  အားထုတ်ဖို့  လိုအပ်လာနိုင်ပါတယ်။
Credit – Lynntazaung

Post a Comment